လူတွေဟာ မွေးကတည်းက လူဆိုးအဖြစ်နဲ့ မွေးဖွားလာကြတာ မဟုတ်ပါဘူး။ သူတို့ကျင်လည်ရတဲ့ အခြေအနေတွေကနေ လူတွေကို ဆိုးသွမ်းယုတ်မာအောင် ပြောင်းလဲပစ်လိုက်တာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကိုယ်ကျင့်သိက္ခာဆိုင်ရာ စံချိန်စံနှုန်းတွေဟာ တင်းကြပ်ခိုင်ခန့်လှပြီလို့ ထင်ရပေမဲ့ အကျင့်ပျက်ဖို့ လွယ်လွန်းပါတယ်။ အချုပ်ဆိုရရင်တော့ ကျွန်မတို့ ကောင်းတာလုပ်မလား၊ ဆိုးတာလုပ်မလားဆိုတာကို ကျွန်မတို့ကိုယ်တိုင် ဆုံးဖြတ်ရမှာပါပဲ။
သမ္မာကျမ်းစာထဲက လူစီဖာဆိုတဲ့ ဇာတ်လမ်းကလေးအကြောင်း ကြားဖူးကြပါသလား? လူစီဖာဟာ တစ်ချိန်က ဘုရားသခင်ရဲ့ အနှစ်သက်ဆုံး နတ်ဘုရားတစ်ပါးဖြစ်ပါတယ်။ နောက်မှာတော့ သူက ဘုရားသခင်ရဲ့ ဩဇာအာဏာကို ယှဉ်ပြိုင်ထီးနန်းလုလာတယ်။ ဒါကြောင့် သူ့ကို အပြစ်ပေးတဲ့အနေနဲ့ ကောင်းကင်ဘုံကနေ နှင်ထုတ်လိုက်ပြီး အခြားနှင်ထုတ်ခံရတဲ့ နတ်ဘုရားတွေနဲ့အတူ ငရဲကို ပို့လိုက်ပါတယ်။ သူဟာ ငရဲပြည်မှာပဲ စေတန်အဖြစ်ပြောင်းလဲသွားပြီး ဆိုးယုတ်ခြင်းတွေအားလုံးရဲ့ ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတော့တယ်။
ဒီလိုအဖြစ်မျိုးကို “လူစီဖာ အကျိုးဆက်” လို့ ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ မြင့်မြတ်ပါတယ်ဆိုတဲ့ နတ်ဘုရားတွေတောင်မှ အခြေအနေပေါ်မူတည်ပြီး ဆိုးသွမ်းသူအဖြစ် ပြောင်းသွားနိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေက သမ္မာကျမ်းစာထဲက ဇာတ်လမ်းတစ်ခုအဖြစ်သာ ရှိတာမဟုတ်ပါဘူး။ စစ်ပွဲဖြစ်နေတဲ့နေရာတွေနဲ့ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းတွေမှာတောင် သာမန်လူကောင်းတစ်ယောက်က ဆိုးယုတ်တဲ့လုပ်ရပ်တွေ လုပ်နေကြတဲ့အကြောင်း ကျွန်မတို့ နေ့စဉ်တွေ့မြင်ဖတ်ရှုနေကြရတာပဲ မဟုတ်လား။
သာမန်လူတစ်ယောက်ဟာလဲ အခြေအနေနဲ့အချိန်အခါ ပေးလာတဲ့အခါမှာ သွေးအေးလူသတ်သမားတစ်ယောက် ဖြစ်သွားနိုင်တယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ကျွန်မတို့ လျှော့တွက်ထားမိကြလေ့ရှိပါတယ်။ ဒီစာအုပ်မှာတော့ လူတွေရဲ့ စိတ်သဘောသဘာဝအကြောင်းကို နက်နက်နဲနဲ လေ့လာနိုင်ပြီး လူစီဖာအကျိုးဆက်ကို ဖြစ်စေတဲ့ အခြေအနေအကြောင်းအရင်းတွေနဲ့ အလုပ်လုပ်ပုံတွေကို လေ့လာရမှာဖြစ်ပါတယ်။
No New Notifications