လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက်အထိ လူတွေဟာ အချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး ဆုံးဖြတ် ချက်ချတာမျိုး သိပ်မရှိခဲ့ပါဘူး။ ရာထူးအမြင့်ဆုံး လူတစ်ယောက်တည်းကပဲ ဆုံးဖြတ်ချက်တွေကို ချတတ်တာပါ။ မိသားစုအရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မှန်သမျှ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖခင်က ဆုံးဖြတ်တယ်။ အလုပ်ခွင်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မှန်သမျှ ကုမ္ပဏီသူဌေးက ချမှတ်တယ်။
ဒါပေမဲ့၊ ခေတ်မီလာတာနဲ့အမျှ ဒီလို အာဏာရှင်ဆန်တဲ့ပုံစံတွေ တဖြည်းဖြည်း ပျောက်ကွယ်လာပါပြီ။ လုပ်ငန်းခွင်မှာ ရာထူးတွေ အဆင့်ဆင့် ထားရှိလာတယ်။ သတင်းအချက်အလက်တွေကို အလွယ်တကူ အသုံးပြု နိုင်လာတယ်။ ဒါကြောင့် ဆုံးဖြတ်ချက် ချရာမှာ ရာထူးအဆင့်ဆင့်ကလူတွေ ပိုမိုပါဝင်လာပါတယ်။
ဒီကနေ့လို ခေတ်အခါမှာ ကျွန်မတို့ဟာ လူတွေနဲ့ စကားပြောဖို့ ပိုလိုအပ်လာပါတယ်။ ကျွန်မတို့ဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ လူတွေကို ပါဝင်ခွင့် ပေးလာရပါတယ်။ နိုင်ငံရေးသမားတွေက ပြည်သူတွေနဲ့ စကားပြောလာကြသလို၊ လုပ်ငန်းရှင်တွေကလဲ အလုပ်သမားတွေကို ဆုံးဖြတ်ခွင့် ပေးလာရပါ တယ်။
မိဘနဲ့ သားသမီး ဆက်ဆံရေးမှာတောင် ပိုပြီးတော့ ဒီမိုကရေစီ ဆန်လာပါတယ်။ အခုလို အင်တာနက် ခေတ်ကြီးမှာ မိဘတွေအနေနဲ့ သားသမီးတွေကို “ဒါ မလုပ်နဲ့၊ မကောင်းဘူး” လို့ ပြောလို့ မရတော့ပါ။ ဘာလို့လဲ ဆိုတော့ ကလေးတွေအနေနဲ့ သင် ပြောတာ တကယ် ဟုတ်၊ မဟုတ် အင်တာနက်မှာ ရှာဖွေနိုင်လို့ပါ။ သူတို့ဟာ သင် ပြောတာနဲ့ ဆန့်ကျင်ဘက် အထောက်အထားတွေ ရှာဖွေပြီး သင့်ကို ပြန်လည်ချေပနိုင်ပါတယ်။
ကျွန်မတို့ဟာ ဘဝနယ်ပယ်အသီးသီးမှာ ဆွေးနွေးမှုတွေကတဆင့် သဘောတူညီမှုတွေ ရှာဖွေရပါမယ်။ ရုပ်ရှင်ကြည့်တာမှသည် ဈေးဆစ်တာ၊ လက်နက်ကုန်သွယ်မှု တားမြစ်တာတွေအထိ အကြောင်းအရာ အမျိုးမျိုး ကွဲပြားနိုင်ပေမဲ့ ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ နည်းလမ်းတွေကတော့ အတူတူပါပဲ။
မှန်ကန်တဲ့အသိနဲ့ မှန်ကန်တဲ့နည်းလမ်းတွေကိုသာ အသုံးချတတ်မယ်ဆိုရင် ဆွေးနွေးမှု ရလဒ်တိုင်းမှာ အောင်မြင်နိုင်ပါတယ်။ နေ့ရက်တိုင်း ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရလို့ စိတ်ပျက်မနေပါနဲ့။ ဒါတွေက သင် သုံး လိုက်ရတဲ့ အချိန်တွေအတွက် ထိုက်တန်ပါတယ်။
No New Notifications