The 7 Habits of Highly Effective Families

Dr. Stephen R. Covey
  •  35 min
  •  Audio Available

သင့်ကိုယ်သင် လေယာဉ်စီးဖို့ လေယာဉ်ကွင်း ရောက်နေတဲ့ ခရီးသည်တစ်ယောက်အဖြစ် စိတ်ကူးကြည့်ပါ။ လေယာဉ်မှူးကို “ဒီနေ့ ဘယ်ကို ပျံသန်းမှာလဲ” မေးကြည့်တဲ့အခါ “စိတ်ကူး ထားတာတော့ မရှိပါဘူး။ လေနှင်ရာ ပျံသန်းမယ်၊ ပြီးရင် ဆင်းချင်တဲ့နေရာမှာ ဆင်းသက်မယ်” လို့ လေယာဉ်မှူးက ပြန်ဖြေမယ် ဆိုပါစို့။ သင့်စိတ်ထဲ အတော်လေး စိုးရိမ်သွားပါလိမ့်မယ်။ ပြီးတော့ ဒီလေယာဉ်ကိုစီးဖို့ အတော်လေး ကြောက်လန့်သွားမယ်။ ဒီလေယာဉ်ကို မစီးတော့ဖို့ သေချာ သလောက်ဖြစ်သွားပါလိမ့်မယ်။

လေယာဉ်တစ်စီး ပျံသန်းတဲ့အခါ ဆင်းသက်ရမဲ့နေရာနဲ့ ပျံသန်းမဲ့ခရီးစဉ် မရှိမဖြစ် လိုအပ် ပါတယ်။ ဒီလိုပါပဲ၊ မိသားစုတစ်စုမှာလဲ မိသားစု ရည်ရွယ်ချက်နဲ့ ခရီးပန်းတိုင်လမ်းကြောင်း ရှိကို ရှိရပါမယ်။ တစ်ခါတလေ လမ်းကြောင်းကနေ သွေဖည်သွားတာမျိုးရှိနိုင်ပေမဲ့ ခရီးပန်းတိုင်ကို ရှင်းရှင်းလင်းလင်းသိထားရင် အချိန်မရွေး လမ်းကြောင်းမှန်ပေါ် ပြန်တက်ပြီး၊ လိုရာခရီးကို ဘေးကင်းစွာ ရှေ့ဆက်နိုင်မှာပါ။ 

စွမ်းဆောင်ရည်မြင့်တဲ့ မိသားစုတစ်ခုရဲ့ အခြေခံအုတ်မြစ်ဆိုတာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အကျင့်စာရိတ္တပေါ်မှာ အများကြီးမူတည်တာပါ။ အကျင့်စာရိတ္တလို့ ဆိုရာမှာ ကျွန်မတို့ရဲ့ တန်ဖိုး ထားမှုတွေ၊ ယုံကြည်ချက်တွေနဲ့ ရိုးသားဖြောင့်မှန်မှု တို့ကို ဆိုလိုပါတယ်။ မိသားစုဝင်တွေက အကျင့်စာရိတ္တ ဖွံ့ဖြိုးရေးကို ဦးစားပေးလေလေ၊ စိန်ခေါ်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ခံနိုင်ရည်ရှိရှိ တောင့်ခံနိုင်တဲ့ ခိုင်မာတဲ့အုတ်မြစ်ကို ချနိုင်လေလေ ဖြစ်ပါတယ်။

ဒါကြောင့် ခရီးမထွက်ခင်ကတည်းက မိမိ သွားချင်တဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီး မစ်ရှင် တစ်ခု ရေးဆွဲသင့်ပါတယ်။ ဒီလိုရေးဆွဲထားတဲ့ မိသားစုမစ်ရှင်က မိသားစုဝင်တိုင်းရဲ့ မျှော်မှန်းချက်၊ တန်ဖိုးနဲ့ ပန်းတိုင်တွေ အားလုံးခြုံငုံပါဝင်တဲ့ စုပေါင်းမျှော်မှန်းချက်တစ်ခု ဖြစ်ရပါမယ်။ ဒီကြေညာချက်က ကိုယ် သွားမဲ့ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်တာကြောင့် မိသားစုဝင် တိုင်းက သူတို့နဲ့ပတ်သက်တဲ့ကဏ္ဍတွေနဲ့ တာဝန်ဝတ္တရားတွေကို နားလည်သဘောပေါက်ကြမှာပါ။

မိသားစုအတွင်း လိုအပ်တဲ့ အခြေခံစည်းမျဉ်းတွေ ချမှတ်ခြင်း၊ အကျင့်စာရိတ္တအပေါ် အလေးထားအာရုံစိုက်ခြင်း တို့ဖြင့် မိသားစုဝင်အချင်းချင်း လေးစားမှု၊ နားလည်မှု ရရှိစေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်နိုင်စေပါတယ်။ ဒီစာအုပ်ထဲမှာပါတဲ့ အလေ့အကျင့် ၇ ခုကို ထိထိရောက်ရောက် ကျင့်သုံးပါက ပိုပြီးစည်းလုံးညီညွတ်တဲ့ ပျော်ရွှင်စရာ မိသားစုဘဝကို တည်ဆောက်နိုင်မှာ အသေအချာပါပဲ။

    •  ပိုမိုပျော်ရွှင်သော မိသားစုဘဝ တည်ဆောက်လိုသူများ။
    •  အလုပ်နဲ့မိသားစုဘဝ ဟုန်ချက် ညီလိုသူများ။
    •  မိသားစုအတွင်း မကြာခဏ ပဋိပက္ခဖြစ်နေသူများ။


    •  မိသားစုမစ်ရှင် (family mission statement) တစ်ခု တည်ဆောက်ဖို့ နည်းလမ်းများ။
    •  သင့်မိသားစုက သင့်ရဲ့ အဓိကဦးစားပေးအရာဖြစ်စေဖို့အတွက် သေချာစေမဲ့ နည်းလမ်းများ။
    •  မိသားစုဝင်အချင်းချင်း ပူးပေါင်းဆောင်ရွက်တာနဲ့ ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ။